သာပေါင်း ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေသယံဇာတ/ ငါးသယံဇာတထိန်းသိမ်းရေး၊ ကလေးသူငယ်အလုပ်သမားပပျောက်ရေးနှင့် သက်ဆိုင်သည့် ဥပဒေအကြောင်းအရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)၊ သော်ကခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရေသယံဇာတ/ငါးသယံဇာတထိန်းသိမ်းရေး၊ ကလေးသူငယ်အလုပ်သမားပပျောက်ရေးနှင့်သက်ဆိုင်သည့် ဥပဒေအကြောင်းအရာများ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အေးက ကလေးသူငယ်အလုပ်သမားပပျောက်ရေးနှင့်သက်ဆိုင်သည့် ဥပဒေအကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမျိုးသိမ်းမှ ငါးစားသုံးရခြင်း အကျိုးကျေးဇူးများ၊ ရေသယံဇာတ/ငါးသယံဇာတများ လျော့နည်းလာရခြင်းအကြောင်းရင်းများ၊ လျှပ်စစ်ကျဉ်စက်ဖြင့် ငါးဖမ်းဆီးခြင်း၊ အဆိပ်ဆေးချ ငါးဖမ်းဆီးခြင်းဖြင့် ငါးသယံဇာတမျိုးပြုန်းရခြင်း၊ငါးမျိုးစိတ်များ ပေါက်ဖွားကြီးပြင်းသည့် အလေ့အထများနှင့်ငါးရစ် ငါးသန် ငါးမဖမ်းဆီးရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးမှုရှောင်ကြဉ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ သားစဉ်မြေးဆက်ငါးစားသုံးနိုင်ရေးအတွက် ငါးမျိုးပြုန်းစေနိုင်သည့် ငါးဖမ်းနည်းများကို ရှောင်ကြဉ်ထိန်းသိမ်းကြရန် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ငါးနှင့်ပတ်သက်သည့် စကားပုံများနှင့်ဉာဏ်စမ်း မေးခွန်းများမေးမြန်းခြင်းနှင့် ဖြေကြားနိုင်သူများအား ဆုချီးမြှင့်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများလှူဒါန်းပြီး ငါးစားသုံးရခြင်းအကျိုးကျေးဇူးများ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး