စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ ဇူလိူင် ၄

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများသည် ယမန်နေ့က ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းသို့ ရောက်ရှိရာ Modular House များဖြင့် အမျိုးသား/အမျိုးသမီးအိမ်ဆောင်များ တည်ဆောက်ထားရှိမှု၊ ဂျပန်-မြန်မာအကြောပြင်ပညာသင်ကြားပေးနေမှု၊ အခြေခံပညာသင်ကြားပေးနေမှုများနှင့် ကွန်ပျူတာပညာသင်ကြားပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း ပြန်လည်ပြု ပြင်ထားရှိမှု၊ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားပေးနေမှုများနှင့် Modular House ဖြင့် ယာယီရုံးဖွင့်လှစ်ထားရှိမှုများအား ကြည့်ရှုခဲ့ကြပြီး သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက် ၍လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့မဈေးကြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူးက မြို့မဈေးကြီးအတွင်း အသစ်ပြန်လည်တည်ဆောက်မည့် အလျား ၁၆၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၁၄ ပေ ဈေးရုံ D ၊ အလျား ၆၀ ပေ၊ အနံ ၄၈ ပေ၊ အမြင့် ၁၄ ပေ၊ အသား/ငါး ဈေးရုံနှင့် မြို့မဈေး ၃ ထပ်ရုံ ပြုပြင်တည်ဆောက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးရုံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေး၊ ဈေးကြီးပတ်ဝန်းကျင်နှင့်ဈေးကြီးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ တည်ဆောက်လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြို့မဈေးကြီးအတွင်းရှိ ၃ ထပ်ဈေးကြီးနှင့် အသား/ငါး ဈေးရုံအဆောက် အဦများ အသစ်ပြန်လည်တည်ဆောက်ရန်အတွက် ရှင်းလင်းဖယ်ရှားနေမှုများကို လိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)