သရက်ချောင်းမြို့နယ်၌  စည်းကမ်းတကျ အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

သရက်ချောင်း ဇူလိုင် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စည်းကမ်းတကျအမှိုက်ခွဲခြားစွန့်ပစ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိဦးတင်စွမ်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်က စည်းကမ်းတကျအမှိုက်စွန့်ပစ်ခြင်းအကြောင်း၊ ပလတ်စတစ်အန္တရာယ်နှင့် ပလတ်စတစ်သုံးစွဲမှုလျော့ချရေးအကြောင်း၊ ပလတ်စတစ်ပစ္စည်း‌ကြောင့် မြေထု၊ ရေထု၊ လေထုညစ်ညမ်းစေခြင်းဆိုးကျိုးများအကြောင်း၊ တစ်ခါသုံးပလတ်စတစ်များကို လျော့ချနိုင်မည့်နည်းလမ်းများအကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းစဉ်နှင့်လုပ်ဆောင်ချက်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန်အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများဖြင့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက်ပုံများအား အမှိုက်စွန့်ပစ်ပုံများကို လက်တွေ့သရုပ်ပြခဲ့သည်။

‌ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများ ဟောပြောဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် သရက်ချောင်းမြိုနယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား စည်းကမ်းတကျ အမှိုက်ခွဲခြားစွန့်ပစ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၈) နှစ်မြောက် အာဇာနည်နေ့အကြို နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များအား ကျောင်းသား/ကျောင်းသူများ ကြည့်ရှုလေ့လာနိုင်ရန် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)