ရွှေတောင် ဇူလိုင် ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး၍ ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့်ဆောင်ရွက်မည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်း အနားကို ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းတွင် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းအောင်၊ ရွှေတောင်မြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ ဆက်လက်၍ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ပြည်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြိုးဖြိုးအောင်က ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်က သင်တန်းသူများအား သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား(၁၅)ဦးအား လူသုံးကုန်သင်တန်းတွင် အသုံးပြုသည့် ဓါတုပစ္စည်းများ သုံးစွဲပုံ၊ ဆပ်ပြာဆီအမျိုးမျိုး၊ ဆပ်ပြာအခဲအမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ဆပ်ပြာခရင်မ်၊ body scrub စသည်တို့ကို သင်ကြားပေးပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်ရန် ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးသွား မည်ဖြစ်ပြီး ဇူလိုင် ၁၇ ရက်နေ့မှ ဇူလိုင် ၂၃ ရက်နေ့အထိ မွမ်းမံသင်တန်းကို ဆက်လက်ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။ သင်တန်းမှ အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ကျပ်(၁၄)သိန်းဖိုးနှင့်ညီမျှသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုကိုမင်း ( ပြန်/ ဆက်)