နတ်မောက်မြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနား ကျင်းပ

နတ်မောက် ဇူလိုင် ၄                                                                                                 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း( တမာပင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဌေးနှင့် တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆိုဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၏ ရည်ရွယ်ချက်၊ ခံယူသည့်မူဝါဒ၊ ကတိသစ္စာ (၄)ချက်၊ အသင်းအမည်များနှင့် ကိုယ်စားပြုအလံအရောင်များစသည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းကောင်စီအဖွဲ့၏ အမည်စာရင်းများကြေညာကာ ကျောင်းအုပ်ဆရာမကြီးက တာဝန်ပေးအထိမ်းအမှတ်အလံများအား အသင်းတာဝန်ခံ ဆရာ၊ ဆရာမများထံ ပေးအပ်ခဲ့သည်။

ထို့နောက် ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူခြင်း၊ တက်ရောက်သူအားလုံး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုခြင်း၊ ကျောင်းကောင်စီအဖွဲ့ဝင်များ စီတန်းလှည့်လည်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။

မူမူစန်း