နတ်မောက် ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန( Community Centre ) အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊ စဉ်းစားတွေးခေါ်တတ်သည့် အလေ့အကျင့်နှင့် လူတော်လူကောင်းများပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် သားကောင်းရတနာများပေါ်ထွန်းလာစေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာရေးကျောင်းများရှိ ထက်၊ လယ်၊ မူဆင့် ကျောင်းသား/သူများဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ပြိုင်ပွဲဝင်မည့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အိုးဘို၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၊ အခြေခံမူလတန်းကျောင်း(ဈေးရပ်ကွက်)ရှိ ဆရာ/မများကပြိုင်ပွဲများကျင်းပမည့်နေ့ရက်၊ ပြိုင်ပွဲဝင်ကျောင်းသား/သူဦးရေ၊ စည်းကမ်းများ၊ အချိန်၊ အမှတ်ပေးဇယားများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
လှဝင်း