ချောက် ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သီးနှံစိုက်စွမ်းအားများ တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဇွန်လထိ မိုးမြေပဲ (၅၂၇၈၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း စိုက်ပျိုးသည့် မြေပဲအမျိုးအစားများမှာ မကွေး ၁၁၊ မကွေး ၁၆၊ ဆင်းပဒေသာ ၁၁၊ စွန်တာနီ၊ ကျောင်းကုန်း ပင်ပြန့်အမျိုးအစားများဖြစ်ပြီး ယခုနှစ်တွင် မိုးမြေပဲ (၁၀၂၄၃၄) ဧက စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း သိရသည်။ ယခင်နှစ်တွင် မိုးမြေပဲ တစ်ဧက ၅၇ ဒသမ ၅၀ တင်းနှုန်းဖြင့် စုစုပေါင်း ၅၈၈၉၉၅၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ချောက်မြို့ပေါ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ဇူလိုင်လတွင်ဖြစ်ပေါ်နေသော မြေပဲဆံဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ရှိနေပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူတစ်ပိဿာလျှင် ၅၀၀ ကျပ် လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)