ငဖဲ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပဆောင်ရွက်သည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာရေးဆရာ နန္ဒသိန်းဇံ ရေးသားသည့် မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း စာအုပ်ပါ မိတ်ကောင်းဆွေကောင်းဆိုသည်မှာ သဒ္ဓါတရားနှင့်ပြည့်စုံသူ၊ စင်ကြယ်သည့်သီလရှိသူ၊ အကြားအမြင်ဗဟုသုတများသူ၊ ဝန်တိုခြင်းမရှိသူ၊ ပညာနဲ့လဲပြည့်စုံသူဖြစ်ကြောင်း၊ မိမိကမိတ်ဆွေကောင်းရဲ့ ဂုဏ်အင်္ဂါနှင့်အညီ အတတ်နိုင်ဆုံးနေထိုင်ပါလျက်နဲ့ မိတ်ဆွေမဆန်သည့်စိတ်ထား၊ မူမမှန်သူများနှင့်တွေ့ကြုံရပါက ထိုသူများကို ရှောင်သင့်ကရှောင်၊ ဖယ်ရှားသင့်ကဖယ်ရှားရင်းလောကတွင် အမွန်မြတ်ဆုံး၊ စိတ်အချရဆုံး အမွန်မြတ်ဆုံးဖြစ်သည့် မိမိ၏ဉာဏ်၊ ဝီရိယကို မိတ်ဆွေကောင်း အဖော်ကောင်းပြုနေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်က မိတ်ဆွေပီသသူ၊ စိတ်ထားမှန်၍ ကောင်းတာတွေလုပ်နိုင်သူဖြစ်အောင်ကြိုးစားရမည်ဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် Grade- 10 ကျောင်းသူ မအိအိခိုင်က ဘဝခရီးတွင် မိတ်ကောင်းဆွေကောင်းအပေါင်းအဖော်များမရှိပါက အားငယ်တွေဝေမနေဘဲ မိမိကိုယ်ကိုအားကိုးပြုပြီး လိုရာခရီးသို့ရောက်အောင်ကြိုးစားဆောင်ရွက်ရန်၊ အားငယ်စွာဖြင့် စိတ်ဓာတ်ကျပြီးကြိုးစားမှု၊ အလုပ်လုပ်မှုရပ်သွားပါက လိုရာခရီးသို့မရောက်ရှိနိုင်ကြောင်းနှင့် Grade- 10 ကျောင်းသူ မသူဇာဝင်းက မိမိကိုယ်တိုင်ကစိတ်ကောင်းနှလုံးကောင်းထားရှိပြီး တစ်ပါးသူကိုရိုင်းပင်းကူညီတတ်ရန်၊ အကောင်းမြင်စိတ်ထားရှိရန်နှင့် မိတ်ဆွေကောင်း၏ ဂုဏ်အင်္ဂါရပ်များနှင့်နေထိုင်ရန်လိုအပ်သည့်အကြောင်းအရာများကို ဥပမာသာဓကများဖြင့် ထုတ်နှုတ်ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)