တောင်ကြီး ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာ၊ လုံးဟီးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ရာ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ သက်ဆိုင်ရာဌာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြှင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများပေါ်ထွက်လာစေရေးအတွက် နည်းပညာသင်ကြားပေးခြင်း၊ လုပ်ငန်းစတင်လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သောဖွံ့ဖြိုးရေးသုံးစက်ပစ္စည်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ ထုတ်ကုန်ပစ္စည်းများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်းနှင့် မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း၊ ရင်းနှီးငွေနှင့် ဈေးကွက်ရှာဖွေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် ဆရာများ၏ သင်ကြားပို့ချမှုများကို လက်တွေ့နယ်ပယ်မှာ အမှန်တကယ်အသုံးချနိုင်သည်အထိ သင်ယူလေ့လာကြရန်ပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းသုံးသင်ထောက်ကူပစ္စည်းများအား ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က အသီးသီးပေးအပ်ခဲ့ရာ သင်တန်းသား (၁)ဦးချင်းစီမှ လက်ခံရယူခဲ့ပြီး သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းအား တောင်ကြီးမြို့နယ်၊ လင်းလေကျေးရွာတွင် (၁.၇.၂၀၂၅)ရက်နေ့မှ (၃၀.၇.၂၀၂၅)ရက်နေ့အထိ ပထမအကြိမ်အခြေခံသင်တန်းအဖြစ်လည်းကောင်း၊ (၇.၈.၂၀၂၅)ရက်နေ့မှ (၂၁.၈.၂၀၂၅)ရက်နေ့အထိ ဒုတိယအကြိမ် မွမ်းမံသင်တန်းအဖြစ်လည်းကောင်း သင်တန်းသား (၁၀)ဦးစီဖြင့် စာတွေ့ (၃၀%) လက်တွေ့ (၇၀%)ဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)