မကွေး ဇူလိုင် ၄
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသမီးအရေးကို ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များက အင်အားသစ်များနှင့်အတူ တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့ဟာ မြန်မာနိုင်ငံဒေသအသီးသီးမှာ နေထိုင်ကြသည့် မြန်မာအမျိုးသမီးများအားလုံးအတွက် ထူးခြားလေးနက်သည့် နေတစ်နေ့ဖြစ်ပါကြောင်း၊ ဒီလိုနေ့ထူးနေ့မြတ်ဖြစ်သည့် မြန်မာအမျိုးသမီးများနေ့မှာ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိသည့် အမျိုးသမီးများအပါအဝင် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း၊ မြန်မာအမျိုးသမီးများနေ့ပေါ်ပေါက်လာပုံမှာ ၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံကနေ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW)ပါ ကတိကဝတ်များနှင့်အကြံပြုသုံးသပ်ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေးနယ်ပယ် (၁၂)ရပ်နှင့်အညီ ရေးဆွဲထားသည့် အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(Phase II)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲအစည်းများက ဝိုင်းဝန်းပူးပေါင်းရေးဆွဲလျက်ရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်ကျော်အား ကိုယ်စားပြုသည် အမျိုးသမီးများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အင်အားစုတစ်ရပ်အဖြစ်ပါဝင်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏အခွင့်အရေးများကို အသိအမှတ်ပြု နားလည်လက်ခံစေနိုင်မည့် လုပ်ငန်းစနစ်များနှင့် ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျုဟာစီမံကိန်း(၂၀၂၁-၂၀၂၂)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားမှာ တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ နယ်ပယ်အလိုက် ထူးချွန်အမျိုးသမီးများအား ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အကြား လုပ်ငန်းများ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဗီဒီယိုကလစ်အားပြသခဲ့ပြီး မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် တက္ကသိုလ်/ ဒီဂရီ ကောလိပ်ကျောင်းပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲမှ အလှမယ်လေးများမှ သရုပ်ပြသကာ၊ မောင်လွင်သန့်ထူးအောင်မှ တိမ်တမာန် သီချင်းဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး တယောအဖွဲ့ဝင်များမှ “နှလုံးသားကို အလှဆင်ပါ၊ အလှကမ္ဘာမြေ၊ ယဉ်တစ်ကိုယ်မယ်” တေးသီချင်းများဖြင့် တယောတီးခတ်၍ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်းရှိ အားကစားထူးချွန်သည့် အမျိုးသမီး(၂)ဦးအား ဂုဏ်ပြုဆုများချီးမြှင့်ပေးပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များမှ စေတနာ့ဝန်ထမ်းအမျိုးသမီး (၂၅)ဦးတို့အား တာဝန်ရှိသူတို့မှ ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ကာ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် တက္ကသိုလ်/ကောလိပ် ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲမှ ဆုရအလှမယ်များအား တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် တိုင်းဒေသကြီးအမျိုးသမီးကော်မတီအဖွဲ့ တာဝန်ရှိသူတို့က ဂုဏ်ပြုဆုငွေ၊ ဆုကလပ်နှင့် ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်ရရှိသူ ထူးချွန်အမျိုးသမီးများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး တိုင်းဒေသကြီးအတွင်း အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများအား လှည်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ