လွိုင်ကော် ဇူလိုင် ၃
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ သီရိမင်္ဂလာပုံဟော်ကြီး ပရိယတ္တိစာသင်တိုက်၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် သဒ္ဓမ္မဝိပုလသိမ်တော်ပြုပြင်ပြီးစီး၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ဇူလိုင် ၁ ရက်နေ့နံနက်က ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့်အတူ တက်ရောက်ပူဇော်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်္ဂလာရပ်ကွက်၊ သီရိမင်္ဂလာပုံဟော်ကြီး ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ သဒ္ဓမ္မဝိပုလသိမ်တော်ပြုပြင်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့် အများပြည်သူပူးပေါင်း၍ စုပေါင်းလှူဒါန်းခဲ့မှုအား ကျောင်းထိုင်ဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ (၃၈)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပရာ သီရီမင်္ဂလာပုံဟော်ကြီး ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များနာယူ၍ ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများအား သံဃာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သီရိမင်္ဂလာပုံဟော်ကြီး ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော်ထံမှ အနုမောဒနာတရားတော်များ နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)