ဟင်္သာတ ဇူလှိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသား/ကျောင်းသူများ အင်အားပြည့်မှီရေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့၊ တာငါးဆယ်မြောက်ရပ်ကွက်၊ ဈေးကလေးလမ်းရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း နဝရတ် ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက ဟင်္သာတမြို့နယ်ရှိ အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း နတ်မော်တွင် ကျောင်းသား/သူများ တက်ရောက် ပညာသင်ယူနိုင်ရေး အကြောင်းအရာများအား အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပြီးနောက် အစိုးရနည်းပညာ အထက်တန်းကျောင်း(ဟင်္သာတ)မှ ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦးက စက်မှုပညာသင်ကျောင်းနှင့် ပတ်သက်သော အခြေခံအကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေက စိုက်ပျိုးရေးဦးစီးဌာနအကြောင်း သိကောင်းစရာများ၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဆက်လက်တက်ရောက်နိုင်သော ကျောင်းများနှင့် ရရှိနိုင်သော အခွင့်အလမ်းများအကြောင်းအားလည်းကောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာယုနန္ဒာအောင်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအကြောင်း သိကောင်းစရာများ၊ မွေးမြူရေး၊ ကုသရေးနှင့်ပတ်သက်၍ မိမိတို့ ကြိုးစားသလောက် ဆက်လက်တက်ရောက်နိုင်သော ကျောင်းများနှင့် ရရှိနိုင်သော အခွင့်အလမ်းများ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ဟင်္သာတ)မှ ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာယုနန္ဒာအောင်၊ အ.ထ.က(၂) ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းနှင်းနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)