တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့ Polytechnic University တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်

မြိတ်   ဇူလိုင်   ၃

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့ Polytechnic University (ကွန်ပျူတာမဟာဌာန) ဧရိယာအတွင်း မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် တိုင်းဒေသကြီး၏ ဆဋ္ဌမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တက်ရောက်ပြီး ဝန်ကြီးချုပ်ဦးဆောင်၍ မိုးရာသီသစ်ပင်များကို တက်ရောက်လာကြသူများနှင့်အတူ တစ်ပျော်တစ်ပါး စိုက်ပျိုးပေးကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊  ကျောင်းသား၊ ကျောင်းသူများအား ပျိုးပင်များပေးအပ်ကြပြီး ဝန်ကြီးချုပ်က သင်္ကန်းပျိုးပင်ကိုလည်းကောင်း၊  တိုင်းဒေသကြီး ဝန်ကြီးများက  မဟော်ဂနီ၊ ခရေပျိုးပင်များကိုလည်းကောင်း ဦးဆောင်စိုက်ပျိုးပေးကြသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျဉ်းကတိုး၊ သင်္ကန်း၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်၊ စိန်ပန်း၊ မန်ဂျန်းရှား၊ စသည့် အပင်များ စိုက်ပျိုးကြပြီး  စုစုပေါင်းပျိုးပင် (၆၀၅)ပင်ကို  ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တက္ကသိုလ်ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များက တစ်ပျော်တစ်ပါး စိုက်ပျိုးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်သာယာစေရန်၊ ပြည်သူများ သစ်တောသစ်ပင် ချစ်ခင်စိတ်ဖြင့် တန်ဖိုးထားထိန်းသိမ်းတတ်စေရန်၊ သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိရာ သစ်ပင်သစ်တောများ မပြုန်းတီးရေးနှင့် တိုးပွားရှည်သန်စေရန်အတွက် ယခုနှစ်မိုးရာသီတွင် သစ်ပင်မျိုးစုံ(၂)သိန်းခွဲ၊ စက္ကူပန်းပင် (၁၂၀၀၀) စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုများအနေဖြင့် သစ်ပင်များစိုက်ပျိုးလိုပါက မြို့နယ်သစ်တောဦးစီးဌာနများတွင် ပျိုးပင်များ အခမဲ့လာရောက်ထုတ်ယူ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက်)