ဟားခါး ဇူလိုင် ၃
မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မြန်မာအမျိုးသမီးရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများရှိ ဆုရရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက “မြန်မာအမျိုးသမီးများနေ့ ဇူလိုင်(၃)ရက်ပါ” သီချင်းသီဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများညီလာခံတွင် မြန်မာကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ယင်းညီလာခံကြီးတွင် နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရားတစ်ခု ဖွဲ့စည်းဆောင်ရွက်ရန်နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်ဟူသည့် လုပ်ငန်းစဉ်(၂)ရပ်ချမှတ်ခဲ့ရာ ၎င်းလုပ်ငန်းစဉ်များ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို စတင်ဖွဲ့စည်းသည့် ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဟာ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်း(UNCEDAW)ကို ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး အစီရင်ခံစာရေးသားပြုစုခြင်း၊ တင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အလားတူ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေနှင့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေးကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ယခုနှစ်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဟားခါးတက္ကသိုလ်နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများတွင် သစ်ပင်စိုက်ပျိုးခြင်း၊ အဆင့်မြင့်နှင့် အခြခံပညာအဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်ပါးပြိုင်ပွဲများ၊ တင်းနစ်ပြိုင်ပွဲ၊ ရိုးရာ အားကစားပြိုင်ပွဲများနှင့် ဇီဝတဒါနအဖြစ် သွေးလှူဒါန်းမှုများ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ပြည်နယ်လူမှုဝန်ထမ်းရုံးအနေဖြင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက်ကလေးများ ထောက်ပံ့ခြင်း၊ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းများအပြင် အကြမ်းဖက်ခံရသည့် အမျိုးသမီးများ တရားရင်ဆိုင်သွားလာစရိတ်နှင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများ ပြန်လည်ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေများ ခွဲဝေချထားပေးခဲ့ပါကြောင်း၊ ထို့ကြောင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများရှိပါက ပြည်နယ်လူမှုဝန်ထမ်းရုံးသို့ လာရောက်ဆက်သွယ် မေးမြန်းနိင်ပါကြောင်းနှင့် အမျိုးသမီးများအရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ မိမိတို့ကျရာအခန်းကဏ္ဍအလိုက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် (၃၅) ကြိမ်မြောက် သွေးလှူဒါန်းခဲ့သည့် အမျိုးသမီးသွေးလှူရှင် ဒေါ်ဟောက်ရှင်းကျိန်အား ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်းကောင်း၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ အား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ဒိမ်ခန့်လွင်က လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး၏ဇနီး ဒေါ်ရိုင်ဘဲကလည်းကောင်း၊ အဆင့်မြင်ပညာအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဥပဒေချုပ်၏ဇနီး ဒေါ်ဒွန့်လမ့်ကျိန်က လည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီကလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကိုင်းဂိုးမန်းကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်သူဇာက လည်းကောင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နီနီခိုင်ကလည်းကောင်း၊ စကောရွက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်တင်မာအေးကလည်းကောင်း၊ အားလူးကောက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မိုးစန္ဒာသန်းကလည်းကောင်း၊ အပ်ထိုးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ချိုချိုသွင်က လည်းကောင်း ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ Video Clip ပြသပြီး ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက “က္ကတ္ထိယပန်းခင်း” သီချင်းသီဆို၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနား တက်ရောက်လာကြသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)