အထက်မင်းလှ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးဆောင်ရွက်နိုင်ရန် ခရိုင်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမြင့်စိုးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးမည့် သီးနှံများ စိုက်ဧက အမှန်ဖြစ်စေရေး၊ သီးနှံမျိုးကွဲအလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး ခရိုင်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလှဌေးက မင်းလှမြို့နယ်၏ စာရင်းဇယားများအရ ဘဏ္ဍာနှစ်အလိုက် သီးနှံတိုးချဲ့စိုက်ပျိုးနိုင်မှု၊ တစ်ဧက ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးကြိုးပမ်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကာ မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မြို့နယ်အလိုက် စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး သီးထပ်စွမ်းအားနှင့် သီနှံစိုက်စွမ်းအား တိုးတက်ဆောင်ရွက်မည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်း သတင်းရသည်။
ဝင်းမြတ်(အထက်မင်းလှ)