တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ် သုဒဿနဓမ္မာရုံ ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနား တက်ရောက်

မြိတ်   ဇူလိုင်   ၃

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် (၃) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီးခဲ့သော မြိတ်တက္ကသိုလ် သုဒဿနဓမ္မာရုံရေစက်သွန်းချ အလှူတော် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ သုဒဿနဓမ္မာရုံအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာနေသွယ်ကြည်နှင့် မြို့မိမြို့ဖဦးလှသန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ဓမ္မာရုံ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးကြသည်။

ထို့နောက် အလှူမင်္ဂလာကို နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တလာသန အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ ဖွင့်လှစ်ကြပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာရဒ မော်တောင်ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဉာဏဝံသ စံကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍  လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှပေးဝေကြကာ အလှူမင်္ဂလာကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းသည်။ အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း၍ ဧည့်ပရိတ်သတ်အပေါင်းတို့အား နေ့လယ်စာဖြင့် ဧည့်ခံကြပြီး ကျောင်းသား/သူများအား စတုဒီသာကျွေးသည်။

မြိတ်တက္ကသိုလ် သုဒဿနဓမ္မာရုံသည် အလျား (၁၃၈) ပေ၊ အနံ (၄၆) ပေ၊ အမြင့် (၁၂) ပေ RC တစ်ထပ်အဆောက်အဦဖြစ်ပြီး မြိတ်တက္ကသိုလ်၏ ဂုဏ်ကိုပိုမိုမြင့်မားသော ခမ်းနားထည်ဝါသည့် မြန်မာမှုလက်ရာများဖြင့် တည်ဆောက်ပြီးစီးပြီဖြစ်သောကြောင့် တက္ကသိုလ်ဓမ္မာရုံတွင် ဘာသာရေးနှင့်ပတ်သက်၍ ပွဲတော်များကို ဆရာ/မများနှင့် ကျောင်းသား/သူများ စိတ်ကြည်နူးချမ်းမြေ့စွာဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)