တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြန်မာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်

မြိတ် ဇူလိုင် ၃

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် (၃) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် ကျင်းပမည့် ၂ဝ၂၅ ခုနှစ် “မြန်မာအမျိုးသမီးများနေ့ အခမ်း အနား တက်ရောက်ကြသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်တွင် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများနဲ့ ပါဝင်ခဲ့ကြကြောင်း၊ ဒီနေ့ကာလ ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ကြရာ၌လည်း အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားလာနေသည်ကို တွေ့မြင်နေရကြောင်း၊ အဲဒီလို ပိုမိုမြင့်တက်လာသည့် အမျိုးသမီးထု၏အင်အားဖြင့် နိုင်ငံတော်ကို အကျိုးပြုနိုင်မည့် လူ့စွမ်းအားအရင်း အမြစ်များအဖြစ် မြှင့်တင်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်ပြီး ကြီးမားသည့်အင်အားကို ရရှိမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး၏ ထူးချွန်အမျိုးသမီး (၂) ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစောဥမ္မာဝင်နှင့် မြိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မဉ္ဇူဝင်းတို့က ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် “အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသမိုင်းမှတ်တိုင်” ဗီဒီယို၊ မြိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ “မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုအစီအစဉ်၊ ပထက်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။ အခမ်းအနားအပြီးတွင် ခန်းမအတွင်း ပြသထားသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပြခန်းအား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)