မအူပင်မြို့၌ ခရိုင်အဆင့် ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်

မအူပင် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ယမန်နေ့နံနက် (၉)နာရီက ခရိုင်အဆင့် ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်သင်ကြားပို့ချသည်။

ဦးစွာ မအူပင်ခရိုင် ပညာရေးမှူးဒေါက်တာသန္တာဆွေမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ် ခင်သန္တာထွေးမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ပိုင်ရေးသွင်းနည်း၊ သုတ၊ ရသ စာပေခွဲခြားနည်း များအားသင်ကြားပို့ချသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီးဦးရဲညွန့်မှ  ကျောင်းစာကြည့်တိုက်များ ပြုစုပျိုးထောင်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူးဒေါ်ချစ်ဆုဝေမှ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ထောက်ပံ့ကူညီခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်း‌ကျောင်းအုပ်ဆရာကြီး  ဦးနိုင်ထွန်းဦးမှ ကတ်တလောက်သွင်းခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းပြ ကျောင်းအုပ်ဆရာကြီး ဦးလှိုင်မျိုးထက်မှ ကျောင်းစာကြည့်တိုက်အတွက် လုပ်ငန်းများ လက်တွေ့ဆောင်ရွက်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး‌ ဆွေးနွေးသင်ကြားပို့ချခဲ့ကြရာ တက်ရောက်လာသည့်ဆရာကြီး၊ ဆရာမကြီးများမှ သိလိုသည်များအား ပြန်လည်‌မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်းအား မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ တစ်ရက်တာကာလဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)