လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

လိပ်သို ဇူလိုင် ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသော “ပညာနှင့်ကန်တော့ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ လူ့ဘဝခနတာတွင် အဆင့်အတန်းမြင့်မြင့်၊ သိက္ခာရှိရှိ၊ တင့်တင့်တယ်တယ်နေလိုသူတိုင်း စာဖတ်ဝါသနာကို ပျိုးထောင်၍ စာဖတ်သင့်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။  

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်မေရီမိုးက “သုတနှင့်ပညာ” ခေါင်းစဉ်အောက်မှ ပညာသင်ခြင်းဆိုသည်မှာ လိမ္မာရေးခြားရှိအောင် သင်ပေးခြင်းဖြစ်ကြောင်း၊ တစ်နည်းအား​ဖြင့် ပညာသင်ခြင်းမှ ရရှိလာသော ကျွမ်းကျင်တတ်သိမှုကို ကာလ၊ ဌာနအလျောက် ခွဲခြားပြီး သုံးစွဲတတ်အောင် သွန်သင်ပေးခြင်းပင်ဖြစ်ကြောင်း၊ လူရယ်လို့ ဖြစ်လာလျှင် တရားမှု၊ မတရားမှု၊ မြင့်မြတ်မှု၊ ယုတ်မာမှုတွေကို ခွဲခြားသိရှိနိုင်မှသာလျှင် လိမ္မာရေးခြားရှိသောလူ ဖြစ်လာနိုင်ကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ အောင်သင်း ရေးသားသော “ပညာနှင့်ကန်တော့ခြင်း” စာအုပ်အား ဖတ်ရှုခြင်းဖြင့် တိုးတက်ပြောင်းလဲနေသော ယနေ့ခေတ်တွင် အရာရာကို ကျိုးကြောင်းဆက်စပ်ပြီး စဉ်းစားဆုံးဖြတ်မှသာလျှင် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နိုင်မှာဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ်