ဘားအံ ဇူလိုင် ၃
အမျိုးသမီးများ၏အခွင့်အရေးနှင့်စွမ်းဆောင်နိုင်မှုများကို ပြည်သူလူထုက ပိုမိုအာရုံစိုက်လာစေရန်နှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အစိုးရအဖွဲ့နေဖြင့် အမျိုးသမီးများကို ဘက်စုံ ကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ အရပ်ဘက်လူမှုအမျိုးသမီး အဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပညာရေးကဏ္ဍ၊ အသက်မွေးဝမ်းကြောင်းကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အားကစားကဏ္ဍ၊ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသမီးများကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ကဏ္ဍပေါင်းစုံတွင် တန်းတူညီမျှ ပါဝင်နိုင်ရန်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် အမျိုးသမီးများဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အရပ်ဘက်လူမှု အမျိုးသမီးအဖွဲ့အစည်းများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသမိုင်းမှတ်တိုင်များ Video Clip ကို အတူတကွကြည့်ရှုအားပေးခဲ့ကြပြီး ဘားအံမြို့ပေါ်ရှိ မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်လေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များက ပြည်နယ်၏စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ အားကစားကဏ္ဍများတွင် ထူးချွန်စွာဆောင်ရွက်ခဲ့ကြသော အမျိုးသမီးများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် ကပြဖျော်ဖြေသော မူကြိုရင်သွေးငယ်လေးများကိုယ်စား ဆရာမတစ်ဦးစီအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် တာဝန်ရှိသူများသည် တက်ရောက်လာသူများနှင့်မူကြိုရင်သွေးငယ်လေးများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ခင်းကျင်းပြသထားသော ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ ဒေသထွက်အမျိုးသမီး ထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)