ငဖဲမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေး

ငဖဲ  ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့မရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ကျောင်းကျန်းမာရေးဆောင်ရွက်ရာတွင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဝေလင်းအောင်က ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ လက်ဆေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး၊ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် နည်းစနစ်မှန်ကန်စွာသွားတိုက်နည်း၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး နှင့် ကူးစက်ရောဂါများအကြောင်းသိကောင်းစရာများကို ကျောင်းသား ကျောင်းသူများအား အသိပညာပေးပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဝေလင်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား အရပ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အမြင်အာရုံကောင်းမွန်မှုရှိ/ မရှိ ၊ သွားနှင့် ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လိုအပ်သောဆေးဝါးများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)