ရေတာရှည် ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသူ/ကျောင်းသားများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၄)ရပ်ကွက် အ-လ-က (ခြဲ) ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်မှ ကျောင်းသူ/ ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချစေရန်၊ ဗဟုသုတတိုးပွါးစေရန်အတွက် ပြင်ပစာပေများကိုဖတ်ရှုကြရန်နှင့် စာဖတ်ခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများကို ဦးစွာပထမရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကလေးအလုပ်သမားဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူး ဦးသန်းစိုးအောင်မှ သဘာဝဘေးအန္တရာယ်များဖြစ်သော ငလျင်ဘေး၊ လေပြင်းမုန်တိုင်း၊ မိုးကြိုးလျှပ်စီး၊ ရေကြီးရေလျှံ၊ မိုးခေါင်ရေရှား၊ မြေပြိုခြင်းနှင့် တောမီး စသည့်အကြောင်းအရာများ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားပြီး ဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသူ/ကျောင်းသားများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)