ကျိုက်လတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဘက်စုံထူးချွန် လူရည်ချွန်မောင်ဘုန်းသန့်လင်းအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ကျိုက်လတ် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ (၂၀၂၅)ဘက်စုံထူးချွန် လူရည်ချွန် Grade(9) ကျောင်းသား မောင်ဘုန်းသန့်လင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်(၁)ဦးစိန်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးဆရာကြီး ဦးအောင်မိုး၊ ကျောင်းအကျိုးတော်ဆောင် ကျောင်းအုပ်ဆရာမကြီး(ငြိမ်း) ဒေါ်သန်းသန်းအေးနှင့် အ-ထ-က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းသန်းတို့က ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ ဘက်စုံထူးချွန် လူရည်ချွန် မောင်ဘုန်းသန့်လင်းက လူရည်ချွန်တစ်ဦးဖြစ်ရန်အတွက် ကြိုးစားခဲ့ရသည်များနှင့်ပတ်သက်၍ အတွေ့အကြုံများအား ရှင်းလင်းပြောကြားပြီး ယခုကဲ့သို့ဂုဏ်ပြုပွဲကျင်းပပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ဆရာ၊ ဆရာမများ၊ မိဘ၊ ဆရာအသင်းနှင့် ကျောင်း အကျိုးတော်ဆောင်အဖွဲ့များ၊ လုပ်ငန်းရှင်များက လူရည်ချွန် မောင်ဘုန်းသန့်လင်းအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)