လွိုင်ကော် ဒီဇင်ဘာ ၁၆
၂၀၂၁ခုနှစ် ၊ ဇန်နဝါရီလ(၁၅) ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်နှစ်များက ကယားပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ်ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သော်လည်း ယခုနှစ်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် ဖျော်ဖြေရေးအစီအစဉ်များ ၊ ဈေးဆိုင်ခန်းများ ၊ ပြပွဲပြခန်းများ စသည်တို့ကို လူထုအင်အားဖြင့် ကျင်းပဆောင်ရွက်ခြင်းမပြုတော့ဘဲ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ကယားပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ပူးပေါင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ၊ လိုအပ်ချက်များ နှင့် အခက်အခဲများရှိပါက တင်ပြပေးရန်စသည့် ကယားပြည်နယ်နေ့အခမ်းအနား ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ၊ ပြည်နယ်တရားသူကြီးချုပ် ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက လိုအပ်ချက်များ ၊ အကြံပြုချက်များ ကိုဝိုင်းဝန်းဆွေးနွေးကြရာ ပြည်နယ်ခေတ္တ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ခေတ္တ ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကို ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ် တရားသူကြီးချုပ် ဦးကျော်လင်းမောင် ၊ ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးတင်မြင့် ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)