ပွင့်ဖြူမြို့နယ်တွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)က ဒေသတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးလုပ်ငန်းများ ပိုမိုကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်ရှိ မြို့နယ်အသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးကုမ္ပဏီများနှင့်ပူးပေါင်းပြီး ဇွန်လအတွင်း တောင်သူအကျိုးပြု စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများ ပံ့ပိုးကူညီဆောင်ရွက်ခဲ့မှုအခြေအနေများ၊ တောင်သူများအတွက် သီးနှံစိုက်ပျိုးရာ၌ သွင်းအားစုများ အဆင်ပြေစွာဝယ်ယူသုံးစွဲနိုင်ရေး စိုက်ပျိုးရေးကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမှုအခြေနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာတောင်သူအကျိုးဆောင်အသင်းဝင်များက မိုးသီးနှံရာသီတွင် စိုက်ပျိုးထားရှိသော သီးနှံစိုက်ခင်းများနှင့်ပတ်သက်ပြီး အရည်အသွေးမြင့်သီးနှံများ ထွက်ရှိရေး၊ အထွက်နှုန်းများတိုးတက်ရေးအတွက် ဇူလိုင်လအတွင်းဆောင်ရွက်သွားမည့် တောင်သူအသိပညာပေးလုပ်ငန်းများအား အကြံပြုဆွေးနွေးတင်ပြကြရာ မြို့နယ်တောင်သူအကျိုးဆောင်အသင်းဥက္ကဋ္ဌက တင်ပြဆွေးနွေးသည့်အချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ထို့နောက် စိမ်းလန်းစိုပြည်ကုမ္ပဏီမှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် နွေသီးနှံရေသွင်းနှမ်းစိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအတွက် မိုးစပါးသီးနှံစိုက်ပျိုးရာတွင် သုံးစွဲနိုင်ရေးရွက်ဖျန်းသဘာဝမြေဩဇာ ဘူး(၁၀၀) ဝယ်ယူရန် ငွေကျပ် သိန်း(၂၀)ကို တာဝန်ရှိသူများထံ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာတောင်သူအကျိုးဆောင်အသင်းဝင်များ၊ စကုမြို့တောင်သူအကျိုးဆောင်အသင်းမှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ စိမ်းလန်းစိုပြည်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)