ပန်းတောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများ ပြုလုပ်

ပန်းတောင်း ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင် ၁ ရက်နေ့ နေ့လယ် (၃) နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းနှင်းယုက ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ကကျရောက်ခဲ့သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ Theme Title ဖြစ်သည့် Progress is clear, but there’s more to do: Let’s speed up efforts! (တိုးတက်မှုများ ထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ ကြိုးပမ်းမှုအရှိန်အဟုန်မြှင့်တင်စို့) ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးသူငယ်များ ဗဟုသုတရရှိစေရန် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အလုပ်လုပ်ကိုင်နိုင်သော အနိမ့်ဆုံးအသက်အရွယ်၊ ပြစ်မှုပြစ်ဒဏ်များနှင့် ဆက်သွယ်တိုင်တန်းနိုင်သော ဖုန်းနံပါတ်များစသည့် အကြောင်းအရာများကို ဓာတ်ပုံများနှင့်တကွ ဟောပြောခဲ့သည်။

ထို့နောက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ စာအုပ်စာပေများကို ပြသခဲ့ရာ အ.မ.က (လွန်) ဝန်လိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ(၂၅)ဦးတို့မှ ဝင်ရောက်ယှဥ်ပြိုင်လေ့လာ ကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)