စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပျိုးပင်​ပေါင်း(၆၀၀)စိုက်ပျိုး

စလင်း ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်  ဖောင်းလင်းကျေးရွာအုပ်စု ငွေတောင်ကျေးရွာတွင် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်အချိန်က မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဥ်ဖြင့် ရာသီဥတုပြောင်းလဲလာမှုများနှင့် အပူဒဏ်ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ အရိပ်အာဝါသနှင့်သစ်တောသစ်ပင်ပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများတွင်  ပြည်သူအားလုံးပူးပေါင်းပါဝင်စိုက်ပျိုးလာစေရန်ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စုပေါင်းစိုက်ပျိုးမည့်ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသီဟဇော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမိုးဝေယံမြင့်၊ အဖွဲ့ဝင်(၂)ဦးစိန်လင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးအောင်သူနှင့်အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးဝင်းမြတ်တို့က အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးအသင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြေစာရင်းဦးစီးဌာနနှင့် ဒေသခံပြည်သူများထံသို့ ပျိုးပင်များအသီးသီးပေးအပ်၍ မြန်မာအမျိုးသမီးရေးရာနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်ကျင်းပခြင်းဖြစ်ပြီး မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးမှူးဦးဝင်းဇော်၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအင်အား(၁၄၇)ဦးတို့က ကျွန်း(၂၀၀)ပင်၊ မဲဇလီ(၂၀၀)ပင်၊ တမာ(၂၀၀)ပင်၊ စုစုပေါင်းပျိုးပင်(၆၀၀)အား တစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုးခဲ့ကြပြီး အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း  သိရသည်။

မောင်လွင်(စလင်း)