ရွှေတောင် ဇူလိုင် ၃
ရွှေတောင်မြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်ရေးအတွက် ရည်ရွယ်၍ ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ ဆားကျင်းတောင်ဘုရားအနီးတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းသစ်ပင်စိုက်ပျိုးကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် တာဝန်ရှိသူများက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများထံသို့ ပျိုးပင်များ ပေးအပ်ခဲ့သည်။
မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းသည် ရာသီဥတုကောင်းမွန်မျှတရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းရန်၊ အပူချိန်လျှော့ချနိုင်ရေးနှင့် အပူဒဏ်ကာကွယ်နိုင်စေရန်၊ အရိပ်အာဝါသကောင်းမွန်စွာရရှိစေရန်၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနားလည်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ၊မြို့နယ်ဦးစီးဌာနမှူး ဦးအောင်စက်ပိုင်နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၁၉) ခန်နှင့် အတူကျွန်း (၇၀) ပင်၊ ပိတောက် (၇၀) ပင်၊ မဟော်ဂနီ (၅၀) ပင်၊ ပျဥ်းကတိုး(၇၀)ပင်နှင့် ခရေ(၄၀)ပင်၊ မယ်ဇယ် (၂၀) ပင်နှင့်စိန်ပန်းကြီး (၃၀) ပင် စုစုပေါင်း ပျိုးပင်ပေါင်း (၃၅၀) ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)