ရွှေကျင် ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရွှေကျင်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာဟိဏ်းက အခွန်ထမ်းပြည်သူများအနေဖြင့် တာဝန်သိလိုလားစွာဖြင့် အခွန်ပေးဆောင်စေရန်နှင့် အခွန်ထမ်းမဖြစ်သေးသူများအား အခွန်ထမ်းဖြစ်လာစေရန် လိုအပ်ကြောင်း၊ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းနှင့်ရွှေဆိုင်များမှ ပြေစာများ ထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရွှေကျင်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး စောကျော်သူဟန်က ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ အခွန်အကြောင်းအရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ ရွှေကျင်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)