ပုသိမ် ဇူလိုင် ၂
မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ဧရာဝတီတိုင်းဒေသကြီး) ရုံးခန်းဖွင့်လှစ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ကုန်စည်ဒိုင်ဝန်းအတွင်းရှိ အဆိုပါရုံးခန့်ရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌတို့က မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ဧရာဝတီ တိုင်းဒေသကြီး) ရုံးခန်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းဥက္ကဋ္ဌက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ရုံးခန်းဖွင့်ပွဲ အမှတ်တရ အထိမ်းအမှတ်လက်ဆောင်အားပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ရုံးခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ကျန်းမာရေးမှူး(၃) (ပြည်သူ့ ကျန်းမာရေးကြီးကြပ်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ပြုလုပ်သည့်အခမ်းအနားသည် ကျန်းမာရေးမှူး(၃)(ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားဖြစ်သည့်အတွက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် နိုင်ငံတော်၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ အရည်အသွေးပြည့်ဝသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ လွှမ်းခြုံမှုမြင့်မားစေရေး အတွက်ဧရာဝတီတိုင်းဒေသကြီး၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁)များသည် ပြည်သူ့ကျန်းမာရေး ကဏ္ဍတိုးတက်မှုအတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ပဏာမကျန်းမာရေး စောင့်ရှောက်မှုကိုအခြေခံပြီး ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ထိထိရောက်ရောက်အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုကို ရောဂါဘယကင်းရှင်းစေပြီး မျှော်မှန်းလူ့သက်တမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားတည်ငြိမ်ရေးအတွက် အလွန်အရေးပါသည့် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းသည် ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည် ဟူသောနိယာမကို အခြေခံခြင်းဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသည် မွန်မြတ်သည့်လုပ်ငန်းဖြစ်သောကြောင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးမှူး(၃) (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁) များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း” တိုက်တွန်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းကို ယနေ့မှစက်တင်ဘာလ(၃၀) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ(၄၁)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)