ကဝမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးသရုပ်ပြလေ့ကျင့်

ကဝ ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးသရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကဝ)၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ကဝမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းကအဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ငလျင်စတင်လှုပ်ခတ်ကြောင်း အသိပေးကြေညာရာ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများက ဘေးလွတ်ရာ ကွင်းပြင်ကွက်လပ်များသို့ အမြန်ဆုံးပြေးထွက်နေရာယူခြင်းနှင့် ပြေးထွက်ရန် အချိန်မရသူများ စာသင်ခန်းအတွင်း ဘေးလွတ်ရာရွေးချယ်နေရာယူခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ဒဏ်ရာရသူများ၊ မူးဝေအော့အန်သူများနှင့် မသန်စွမ်းသူများအား ရှာဖွေကယ်ထုတ်ပြီး အရေးပေါ်ကျန်းမာရေးဌာနသို့ပို့ဆောင်ပေးခြင်းနှင့် အခန်းတွင်းပိတ်မိနေသူများအား ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခြင်း၊ ဘေးသင့်သူများကို နှစ်သိမ့်အားပေးခြင်းနှင့် လိုအပ်သည်များ ကူညီပေးခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့က သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကဝမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား(၂၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)