အထက်မင်းလှ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဒေသတွင်း စိမ်းလန်းစိုပြည်သာယာလှပစေရန်အတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲက သရက်-မင်းလှကားလမ်း မိုင်တိုင်အမှတ်(၄၄/၃)စစ္စနို့လမ်းဆုံအနီး မြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်ကျော်ငွေနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြပြီး သစ်ပင်စိုက်ပျိုးပွဲတက်ရောက်လာသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ပျိုးပင်များပေးအပ်ခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည်။
မင်းလှမြို့နယ်တွင် သစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရခြင်းမှာ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးစေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချစေရန်ရည်ရွယ်၍ သစ်ပင်များ စိုက်ပျိုးရခြင်းဖြစ်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၅၃)ဦးခန့်က ကျွန်း (၃၀၀)ပင်၊ တမာ (၂၀၀)ပင်နှင့် ပိတောက် (၄၀)ပင် စုစုပေါင်းပျိုးပင်(၅၄၀)ပင် စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)