ပွင့်ဖြူမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပွင့်ဖြူ ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စွာမြင့်ဦးက သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်သစ်တော်ဦးစီးမှူး ဦးကျော်စွာမြင့်ဦးနှင့်ဝန်ထမ်းများ၊  ကံသာကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ကျွန်း၊ စိန်ပန်း၊ မယ်ဇယ်၊ တမာ စုစုပေါင်း အရိပ်ရပင်၂၀၀ အား ကံသာကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းဝန်းတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြ သည်။

ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး ၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး ၊ ဂေဟစနစ်များကောင်းမွန်စေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် ပြည်သူများသစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်ကာ သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရးစသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)