ပန်းတောင်း ဇူလိုင် ၃
သစ်တောသစ်ပင်တို့သည် လူသားများအတွက်သာမက တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင် မြေဆီလွှာ၊ ရာသီဥတု၊ လေမုန်တိုင်း၊ သဘာဝဘေးအန္တရာယ်များကိုလည်း နည်းမျိုးစုံဖြင့် ကာကွယ်ပေးနေသည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်များ ပြုန်းတီးမှုမှကာကွယ်ရန် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် (၈) နာရီအချိန်က ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာ၊ ပြည်-တောင်ကုတ်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁/၇) တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးထက်အောင်-၁ မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရထံ ပျိုးပင်များ လွှဲပြောင်းပေးအပ်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၉၃)ဦးတို့က ကျွန်း(၂၅၀)ပင်၊ မဟော်ဂနီ (၁၅၀)ပင်၊ ခရေ(၅၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ စိန်ပန်း (၅၀)ပင်နှင့် ငု(၁၀၀) ပင် စုစုပေါင်း သစ်မျိုး(၆) မျိုး၊ ပျိုးပင်(၇၀၀)ပင်အား သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)