သာပေါင်း ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ဆိုင်ရာ ဥပဒေရှင်းလင်းပွဲကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်သန္တာထူးမှ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ၁၉၉၀ ပြည့်နှစ်တွင် ပြဌာန်းပြီး စတင်၍ကောက်ခံခဲ့ကြောင်း၊ ပြေစာပေါ်တွင် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ၅% ကောက်ခံ၍ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရှင်များ၊ ရွှေထည်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်းဆက်စပ်ပစ္စည်းများ ရောင်းချ၊ ဝန်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းရှင်များအပေါ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ(၅)၊ အပိုဒ်ခွဲ(ခ)အရ ဝန်ဆောင်မှုဆောင်ရွက်သူ၊ ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်သူများထံမှ ပြေစာအမှတ် တံဆိပ်ပေါ်တွင် ၅% ကောက်ခံရန် ပြဌာန်းခဲ့ပါသည်။ ကုန်သွယ်လုပ်ငန်းခွန်မှာ ဝန်ဆောင်မှု/ကုန်သွယ်မှုဆောင်ရွက်သူထံမှ ကောက်ခံသော သွယ်ဝှိက်ခွန်ဖြစ်ပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ(၃၂)အရ ပြေစာ(သို့မဟုတ်) ငွေလက်ခံရရှိကြောင်း အထောက်အထားတွင် အဆိုပါလုပ်ငန်းများမှ ရောင်းရငွေ/ဝန်ဆောင်မှုရငွေ အပေါ်တွင် ကျသင့်မည့် ကုန်သွယ်လုပ်ငန်းခွန်ကို လုပ်ငန်းရှင်မှ ၅% တစ်ပါတည်းကောက်ခံပြီး ပြေစာအမှတ် တံဆိပ်ကပ်နှိပ်ပေးရန်ဖြစ်ပါတယ်၊ အခွန်အမှတ်တံဆိပ် ကျသင့်အမျိုးအစားများမှာ (၅၀)ကျပ်၊(၁၀၀)ကျပ်၊ (၂၀၀)ကျပ်၊ (၅၀၀)ကျပ်၊ (၁၀၀၀)ကျပ်၊ (၅၀၀၀)ကျပ်နှင့် (၁၀၀၀၀)ကျပ်တို့ ဖြစ်ပါကြောင်း အခွန်အမှတ်တံဆိပ် စွဲကပ်မည့်နေရာမှာ ပြေစာများအပေါ် ရှင်းလင်းမြင်သာသောနေရာ၌ အခွန်အမှတ်တံဆိပ်များကို စွဲမြဲစွာကပ်နှိပ်ရမည်ဖြစ်ပြီး တန်ဖိုးနည်းအမှတ်တံဆိပ်အရေအတွက် များပြားစွာကပ်နှိပ်ခြင်း၊ QR Code ဖတ်၍ မရစေရန်အခွန်အမှတ်တံဆိပ်များ တစ်ခုနှင့်တစ်ခုထပ်၍ စုပြုံကပ်နှိပ်ခြင်း၊ အခွန်အမှတ်တံဆိပ်များအပေါ်တွင် ဆိုင်အမှတ်အသားတံဆိပ်ကို ထပ်၍ပုံနှိပ်ခြင်း၊ မှင်လုံးကြီးသည့် marker pen/ colour pen များဖြင့် ပယ်ဖျက်ခြင်းများ မပြုလုပ်ရပါ။
ပျက်ကွက်မှုအတွက်ပြစ်ဒဏ်များမှာ လုပ်ငန်းရှင်များအနေဖြင့် အောက်ပါပျက်ကွက်မှုများအပေါ် ဒဏ်ကြေး ငွေတပ်ရိုက်ခြင်းခံရမည်ဖြစ်ပါသည် -ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထား ထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူထံသို့ ထုတ်ပေးရန်ပျက်ကွက်ခြင်း၊ ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားထုတ်ပေးသော်လည်း ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ပမာဏနှင့် ညီမျှသော အခွန်တန်ဖိုးအတိုင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်း။
ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားတန်ဖိုးငွေ ပမာဏအပေါ် ထပ်မံပေးဆောင်ရမည့် အခွန်၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည့်အပြင် ပျက်ကွက်မှုအကြိမ်အလိုက် အောက်ပါငွေပမာဏကိုလည်း ဒဏ်ကြေးငွေအဖြစ်ပေးဆောင်ရပါမည်-
ပထမအကြိမ် ကျပ် ၁ဝ သိန်း၊ ဒုတိယအကြိမ် ကျပ် ၂ဝ သိန်း၊ တတိယအကြိမ် ကျပ် ၃၀ သိန်း၊ တတိယအကြိမ်၏အထက် တစ်ကြိမ်လျှင် ကျပ် ၆၀ သိန်း ပေးဆောင်သွားရမှာဖြစ်ကြောင်းနှင့် အများပြည်သူက ပူးပေါင်းကူညီဆောင်ရွက်ရန်၊ ပြည်သူများအနေဖြင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်-
အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသောပြေစာများကို တောင်းခံခြင်း၊ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ပမာဏနှင့်အညီ အခွန်အမှတ်တံဆိပ် အပြည့်အဝကပ်နှိပ်ထားခြင်းရှိ/ မရှိစိစစ်ခြင်း၊ သတင်းပေးတိုင်ကြားခြင်းနှင့် ဆုကြေးငွေထုတ်ယူခြင်း။
သတင်းပေးတိုင်ကြားနိုင်ခြင်း၊ ပြည်သူများအနေဖြင့် စားသောက်ဆိုင်တွင် စားသောက်ခြင်း၊ ဟိုတယ်/တည်းခိုခန်းတွင် တည်းခိုခြင်း၊ ရွှေထည်လက်ဝတ်ရတနာပစ္စည်း ဝယ်ယူခြင်း၊ ရုပ်သံလွှင့်မီဒီယာ ဝန်ဆောင်မှုရယူခြင်း၊ လက်ကိုင်ဖုန်းဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်း/ဝန်ဆောင်မှုရယူခြင်းများ ဆောင်ရွက်သည့်အခါ ပြေစာမရရှိခြင်း၊ ပြေစာရရှိသော်လည်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားမှုမရှိခြင်း၊ ကျသင့်အခွန်တန်ဖိုးထက် အခွန်အမှတ်တံဆိပ် လျော့နည်းကပ်နှိပ်ထားခြင်းများ တွေ့ရှိရပါက အထောက်အထားများနှင့်အတူ မည်သည့်အခွန်ရုံးတွင်မဆို သတင်းပေးတိုင်ကြား နိုင်ပါကြောင်းတို့ကို အကျယ်တဝင့် ဖတ်ကြားဆွေးနွေးရာ လုပ်ငန်းရှင်များက သိလိုသည့်အချက်များအား ပြန်လည်မေးမြန်းကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်သန္တာထူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း ပြန်/ဆက်