သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြသ

သဲကုန်း ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၉၄) စက်မှုလယ်ယာစခန်းမှ ကူဘိုတာ(၆)တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက သဲကုန်းမြို့နယ် ရပ်ကွက်(၄)၊ ရွှေကြို့ပင်ကွင်း၊ ကွင်းအမှတ်(၈၈၅)ရှိ တောင်သူ ဦးသိန်းဇော်ထွန်း၏ စိုက်ကွင်းတွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုနှင့်ပတ်သတ်၍ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်စိုးအောင်က တောင်သူများအနေဖြင့် စပါးအထွက်နှုန်းကောင်းစေရန်နှင့် သိပ္ပံနည်းကျစိုက်နည်းစနစ်များကို အသုံးပြုတတ်စေရန်အတွက် ကောက်စိုက်စက်ဖြင့် တောင်သူဦး‌သိန်းဇော်ထွန်း၏ လယ်မြေ (၄.၅)ဧကတွင် မနောသုခစပါးမျိုးများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးဆောင်ရွက်မှုအား လက်တွေ့ပြသခြင်းကို ပြည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ သဲကုန်းမြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများမှ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကြောင့်၊ တောင်သူများအနေဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာ လိုအပ်ခြင်း၊ ပျိုးပင်များ ပြုပြင်ထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များ နှုတ်ယူရန်မလိုခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်စိုက်ရာတွင် လူအင်အား အသုံးပြုမှုနည်းပါးခြင်းနှင့် သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမြန်ခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ ကောက်ပင်လှန်ရန် စောင့်ဆိုင်းရန်မလိုခြင်း၊ ပျိုးပင်ပွားမှုနှုန်း ကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် စပါးခင်းအား ရိတ်သိမ်း‌ခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)