ကလေး ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာခိုင်နှင့် ကလေး၊ ကလေးဝမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကုတင် ၃၀၀ အထွေထွေရောဂါကုဆေးရုံကြီးရှိလူနာများအား ဆေးကုသစရိတ်ပေးအပ်ခြင်းနှင့် အောင်မင်္ဂလာသီလရှင် စာသင်တိုက်တို့တွင် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကလေးခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ကလေးမြို့ ကုတင် ၃၀၀ အထွေထွေရောဂါကုဆေးရုံကြီးတွင် အဟာရဒါနကြက်သားဆန်ပြုတ်ကျွေးမွေးခြင်း၊ မွေးကင်းစကလေးငယ်နှင့်မိခင်များ၊ ကင်ဆာရောဂါဖြင့်ဆေးကုသမှုခံယူနေသောလူနာများကို ဆေးကုသစရိတ်ငွေ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အောင်မင်္ဂလာသီလရှင် စာသင်တိုက်ရှိ စာသင်၊ စာချ သီလရှင်များအတွက် ဆွမ်းဆန်၊ ဝတ္ထုငွေနှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကလေးမြို့သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုအဖြစ် ကလေးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် တက္ကသိုလ် အဆင့်၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူစုစုပေါင်း ၆၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အဆင့်မြင့်ပညာဦးစီးဌာနနှင့်အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူများကြီးကြပ် ဆောင်ရွက်ပေးခဲ့ပြီးအဆိုပါ ကလေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ အချိုရည်ဗူးနှင့် မုန့်များဝေငှခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)