ကျုံပျော် ဇူလိုင် ၃
မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် ကြဲခင်းစနစ် လျော့နည်းပပျောက်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ကောက်စိုက်စက်(Kubota)ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ကျုံပျော်မြို့ ပျဉ်ချဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၉၉၉ ရှိ တောင်သူဦးကြည်ဝင်း၏ လယ်မြေ ၁၀ ဧက၌ ဇူလိုင်လ ၁ ရက်နေ့က ပြုလုပ်သည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့် စိုက်တိုးမြင့်အဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း အင်အား(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ကောက်စိုက်စက်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို ပြောကြားပြီး၊ မိမိကျေးရွာရှိ အခြားတောင်သူများအား လက်ဆင့်ကမ်းပြောကြား စေလိုကြောင်း၊ ကောက်စိုက်စက်ဖြင့် ဆောင်ရွက်ခြင်းသည် ကြဲခင်းစနစ်ထက် ပိုမိုစပါးအထွက်နှုန်းများပြီး ပိုမိုအကျိုးဖြစ်ထွန်းကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများနှင့်အတူ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုအား ကြည့်ရှုအားပေးခဲ့သည်။
ကောက်စိုက်စက်ဖြင့် ပင်ကြား ၆ လက်မ တန်းကြား ၈ လက်မ စိုက်ပျိုးခြင်းဖြင့် မျိုးစေ့နှုန်းထား သက်သာခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ ပိုးမွှားရောဂါနှိမ်နင်းခြင်းနှင့် မျိုးကွဲပယ်ရလွယ်ကူခြင်း၊ စပါးခင်းလေဝင်လေထွက် ကောင်းစေခြင်း၊ နေရောင်ခြည်ကို မျှတစွာရရှိခြင်း၊ ရိတ်သိမ်းရာတွင်လွယ်ကူခြင်း၊ အလုပ်သမားရှားပါးမှု့ပြဿနာအား ကျော်လွှားနိုင်ခြင်းနှင့် အထွက်နှုန်းကောင်းမွန်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)