သာပေါင်း ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေသယံဇာတ/ ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၃၀ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်က ရှမ္မမြောင် ကျေးရွာအုပ်စု၊ဂွေးကုန်း ကျေးရွာ၊ အောင်မင်္ဂလာကျောင်းတိုက်၊ နိဂြောဓဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရေသယံဇာတ/ ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးစောမင်းပိုင်က ငါးစားသုံးရခြင်း အကျိုးကျေးဇူးများ၊ အပင်နှင့်အင်းဆက်များ တောရိုင်းသတ္တဝါများနှင့် ဂေဟစနစ်အကြောင်း၊ ရေသယံဇာတ/ ငါးသယံဇာတများ လျော့နည်းလာရခြင်း အကြောင်းရင်းများ၊ ငါးသလောက်မျိုးစိတ် ထိန်းသိမ်းရေးလုပ်ငန်းများအကြောင်း၊ ငါးများနေထိုင်သွားလာမှုအလေ့အထများနှင့် ထူးခြားငါးမျိုးစိတ်များအကြောင်း၊ စုပ်ခွက်ငါးအန္တရာယ်၊ ရွှေခရုအန္တရာယ်၊ လျှပ်စစ်ကျဉ်စက်ဖြင့် ငါးဖမ်းဆီးသဖြင့် ငါးသယံဇာတ ပျက်သုဉ်းရခြင်းအကြောင်း၊ ငါးမျိုးစိတ်များ ပေါက်ဖွားကြီးပြင်းသည့် အလေ့အထများနှင့်ငါးရစ် ငါးသန်ငါးဖမ်းဆီးပါက ငါးမျိုးသုဉ်းစေနိုင်သဖြင့် ရှောင်ကြဉ်ထိန်းသိမ်းကြရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း ပြန်/ဆက်