အုတ်တွင်း ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ရေဘေး၊ လေဘေး၊ ငလျင်ဘေးအကြောင်း အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာထွေးက ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များနှင့် ငလျင်လှုပ်နေစဥ်တွင် လိုက်နာရမည့် အချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များအား ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)