တောင်ငူမြို့၌ ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဥ် ကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ငူ ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်ပညာရေးမှူးရုံးမှ ဦးဆောင်ကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့) တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဥ် ကျောင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၁၇) ရပ်ကွက်၊ မူလွန်တောင်ကွေ့စျေးကျောင်း ၌ ကျင်းပသည်။

ဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းပြင်ပပညာရေးကို မူလွန်တောင်ကွေ့စျေးကျောင်း၌ အခြေစိုက်စခန်း (၁) အဖြစ် ဖွင့်လှစ်ထားရှိပြီး ကျောင်းအုပ်ကြီးများ၊ ရပ်ကျေးအဖွဲ့ဝင်များအနေဖြင့် ကျောင်းပြင်ပရောက်ရှိနေသော မူလတန်းအဆင့် မပြီးမြောက်သေးသည့် ကလေးများအား ကျောင်းသို့ရောက်ရှိရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျောင်းပြင်ပမူလတန်းပညာရေး ပြီးဆုံးသည်အထိ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်တို့က ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များ၊ ခဲတံနှင့် ဘောပင်များကို ထောက်ပံ့ပေးအပ်ကြသည်။

မူလွန်တောင်ကွေ့စျေးကျောင်း၌ ကျောင်းပြင်ပမူလတန်းအစီအစဥ်အနေဖြင့် အသက် (၁၀) နှစ်မှ (၁၄)နှစ် သက်ငယ်အုပ်စုဝင် ကလေးငယ်များအား အပတ်စဥ် ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲအထိ သင်ကြားပို့ချသွားမည်ဖြစ်ကာ မူလတန်းအဆင့်ပြီးဆုံးပါက အလယ်တန်းအဆင့်သို့ တက်ရောက်နိုင်သည့်အပြင် ပုံမှန်နေ့ကျောင်း အလယ်တန်းအဆင့်သို့ ပြန်လည်တက်ရောက်နိုင်ပါကြောင်းနှင့် ကျောင်းသားကျောင်းသူ (၂၇) ဦး ကျောင်းအပ်နှံသင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)