နတ်မောက် ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်၊ လျှပ်စစ်ဓာတ်အားလျော့နည်းပျောက်ဆုံးမှုမရှိစေရန်နှင့် တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှု မရှိစေရေးအတွက် ယနေ့နံနက် ၉နာရီအချိန်က မြို့ပေါ်ရပ်ကွက်မများတွင် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးရပ်ကွက်အတွင်း တစ်အိမ်တစ်ဆင့် သွားရောက်ပြီး ရပ်ကွက်နေပြည်သူများအား လျှပ်စစ်မီးသုံးစွဲရာတွင် အန္တရာယ်မဖြစ်စေရေး စနစ်တကျကိုင်တွယ်အသုံးပြုနည်းများနှင့် လျှပ်စစ်မီးသုံးစွဲပြီးပါက မီးခလုတ်များအား သတိရှိစွာ ပိတ်ထားရန်အချက်များ၊ လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပညာပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် နေအိမ်များတွင် တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှုမရှိစေရေး၊ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းမှုများ စနစ်တကျဖြစ်စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လှဝင်း