မကွေး ဇူလိုင် ၃
နည်းပညာတက္ကသိုလ်(မကွေး) ၂၀၂၅ ခုနှစ်၊ ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအားကစာကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး အားကစားကော်မတီနာယက၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားမောင်မယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နည်းပညာတက္ကသိုလ်(မကွေး) ကျောင်းသား၊ ကျောင်းသူများက ပန်းပွားအကဖြင့် ဖျော်ဖြေဖွင့်လှစ်ကာ စစ်ကြောင်းမှူးက တန်းအပ်သတင်းပို့ခြင်းဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် နည်းပညာတက္ကသိုလ်(မကွေး)၏ ၂၀၂၅ ခုနှစ်၊ ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲမှာ အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စာပွဲတင်တင်းနစ်၊ ကြက်တောင်၊ ခြင်းလုံးပြိုင်ပွဲအပါအဝင် အားကစားနည်း (၇)မျိုးကို ထည့်သွင်းကျင်းပပေးသွားမှာဖြစ်ပြီး ယနေ့တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာတော်၍ ကျောင်းနေပျော်စေရန်၊ ဗလ(၅)တန်ဖြစ်သည့် ကာယဗလ(ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေခြင်း)၊ မိတ္တဗလ(အပေါင်းအသင်းများနှင့် စုပေါင်းဆောင်ရွက်တတ်စေခြင်း)၊ စာရိတ္တဗလ(ကိုယ်ကျင့်တရားကောင်းစေခြင်း)၊ ဉာဏဗလ (ဉာဏ်ရည်ကွန့်မြူးစေခြင်း)တို့ဖြင့် ပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် အခုလို အားကစားပွဲတွေ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဒီလို တက္ကသိုလ်များတွင် အားကစားပွဲများ ကျင်းပခြင်းဖြင့် အားကစားဝါသနာရှင်များ ထွက်ပေါ်လာပြီး နိုင်ငံဂုဏ်ကိုပါ ဖော်ဆောင်နိုင်သည့် အားကစားသမားများသည်လည်း တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများမှ ပေါ်ထွက်လာကာ မိမိတက္ကသိုလ် အားကစားပွဲမှတစ်ဆင့် နိုင်ငံ့အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နည်းပညာတက္ကသိုလ်(မကွေး)မှာ ကျောင်းသား၊ ကျောင်းသူဦးရေ (၁၄၆၆)ကျော်ခန့် ပညာသင်ကြားနေသည့်အထဲက ဘာသာရပ်အလိုက် ထူးချွန်သည့် အားကစားသမားများ ရွေးချယ်ပြီး အခုလိုပြိုင်ပွဲတွေ ကျင်းပပေးသည့်နေရာမှာ (၂၇၈)ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး တက္ကသိုလ်အတွင်း အိပ်ဆောင်များတွင် နေထိုင်သည့် ကလေးတွေထဲမှ ပိုမိုပါဝင်ခွင့်ရရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် အတွင်းဆောင်မှာ နေခွင့်ရသည့် ကျောင်းသား၊ ကျောင်းသူတွေအနေဖြင့် ပညာရေးနှင့် အားကစားမှာသာမက အစစအရာရာ အချိန်ပိုမိုရရှိသောကြောင့် စွမ်းဆောင်ရည်တွေ မြင့်မားအောင် အချိန်ကို တန်ဖိုးရှိရှိ အသုံးချစေလိုကြောင်း၊ တက္ကသိုလ်ကျောင်းသားဘဝမှာ ရရှိနိုင်သည့် University Life ကို ပြည့်ဝစွာရရှိရန် ကျောင်းချိန်ပြင်ပတွင် မိမိစိတ်ပါဝင်စားသည့် အားကစား၊ အနုပညာ၊ ဂီတ၊ စာပေတွေကို ပိုမိုလေ့လာကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ယခုလိုဆောင်ရွက်ခြင်းဖြင့် စည်းလုံးညီညွတ်ခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ စီမံခန့်ခွဲတတ်ခြင်း စသည်တို့ကိုပါ တစ်ပါတည်း ရရှိသွားမှာဖြစ်ပါကြောင်း၊ နည်းပညာတက္ကသိုလ်(မကွေး)အနေဖြင့် မိုးရာသီအားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးခြင်းဖြစ်ပြီး ယခုလိုအားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရာမှာ ပျော်ရွှင်တက်ကြွစွာ သင်ကြားနိုင်ခြင်းအပြင် အချင်းချင်း စည်းလုံးညီညွတ်မှုကိုရရှိစေနိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားကာ နည်းပညာတက္ကသိုလ်(မကွေး) ၂၀၂၅ ခုနှစ်၊ ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းအမှ ပြန်လည်ထွက်ခွာခဲ့ပြီး ဖွင့်ပွဲအခမ်းအနားမှ ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ကာ နည်းပညာတက္ကသိုလ်(မကွေး) ၂၀၂၅ ခုနှစ်၊ ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် Mech FC ဘောလုံးအသင်းနှင့် EC FC ဘောလုံးအသင်းတို့ ပြိုင်ပွဲဝင် ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ အားပေးကြည့်ရှုခဲ့ကြသည်။
နည်းပညာတက္ကသိုလ်(မကွေး)အနေဖြင့် မိုးရာသီအားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး နည်းပညာတက္ကသိုလ်(မကွေး) ၂၀၂၅ ခုနှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲတွင် မေဂျာ(၄)ခုမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုများကို ဇူလိုင်လ ၇ ရက်နေ့တွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ