ဘားအံ ဇူလိုင် ၂
မိသားစုဝင်ငွေတိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေးနှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (ဘားအံမြို့) မှ ဖွင့်လှစ်သည့် လက်ရက်ကန်း (၆) လ(ပထမအကြိမ်) သင်တန်းဆင်းပွဲနှင့် (ဒုတိယအကြိမ်) သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းဆင်းသင်တန်းသူများအနေဖြင့် ပြည်တွင်းမှ ကုန်ကြမ်းများကို အသုံးပြုပြီး ကုန်ချောများထုတ်လုပ်ခြင်းဖြင့် မိမိတို့၏ရိုးရာရက်ကန်းပညာကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ပြီး နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်မည့်အစား မိသားစုနှင့် အိုးမကွာ၊ အိမ်မကွာနေထိုင်ပြီး မိမိတို့ကိုယ်ပိုင်ရက်ကန်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေများရရှိလာနိုင်မည်ဖြစ်ကြောင်း၊ သင်ကြားပေးလိုက်သောနည်းပညာများဖြင့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာအထည်များကိုအခြေခံပြီး ကောင်းမွန်ဆန်းသစ်သော အတွေးအခေါ်များဖြင့် Innovation & Creation များပြုလုပ်၍ ဈေးကွက်ဝင်အထည်များထုတ်လုပ်နိုင်သည့် ရက်ကန်းလုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ပညာသင်နှစ် လက်ရက်ကန်း (၆) လသင်တန်း (ပထမအကြိမ်) သင်တန်းဆင်း သင်တန်းသူများအား လက်ရက်ကန်းစင်များကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ရက်ကန်းဆက်စပ်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းထူးချွန်ဆုများကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ရာ သင်တန်းဆင်းသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယနေ့အခမ်းအနားတွင် ၂၀၂၅ ပညာသင်နှစ် လက်ရက်ကန်း (၆) လသင်တန်း (ပထမအကြိမ်)တွင် သင်တန်း သူ ၈ ဦး သင်တန်းဆင်းခဲ့ကြပြီး ဒုတိယအကြိမ်သင်တန်းသို့ သင်တန်းသူ ၁၃ ဦး တက်ရောက်ကြမည်ဖြစ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ သင်တန်းသူများအား ပေးအပ်ချီးမြှင့်သည့် လက်ရက်ကန်းစင်၊ ဆက်စပ်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)