ပေါင်းတည်၌ ပန်းထိမ်မနိုင်ပန်း စိုက်ပျိုးသူများ စျေးကောင်းရ

ပေါင်းတည် ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုမိုးဦးကာလအတွင်း ပန်းထိမ်မနိုင်ပန်း စိုက်ပျိုးသူများ စျေးကောင်းရ၍ မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။

ဒေသအခေါ် ထိုပန်းထိမ်မနိုင်ပန်းကို ပေါင်းတည်မြို့နယ်ရှိ အိမ်ခြံဝိုင်းများနှင့် ဥယာဉ်မြေများတွင် တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ်စိုက်ပျိုးလာခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ပေါင်းတည်မြို့နယ်နှင့်ဝန်းကျင် မြို့ရွာများမှထွက်ရှိသော ပန်းထိမ်ပန်းများသည် အနယ်နယ်အရပ်ရပ်ရှိ ပန်းစျေးကွက်များတွင် အထူးရေပန်းစားကာ စျေးကွက်ဝင်လျက်ရှိကြောင်း၊ ယခုအခါ ယင်းပန်းမျိုးဥများ အမြို့မြို့အနယ်နယ်သို့ ပြန့်နှံ့လျက် စိုက်ပျိုးဖြစ်ထွန်းလျက် ရှိကြောင်းသိရသည်။

ထိုပန်းသည် အခြားပန်းများထက် ​ကြာရှည်ခံပြီး လှပတင့်တယ်သောပုံသဏ္ဍာန်ရှိ၍ ဘုရားပန်းအဖြစ်ဆက်ကပ်ပူဇော်ကြကြောင်း၊ ယခုမိုးဦးကျ ပန်းဦးပွင့်ချိန်တွင် ဒေသပန်း စျေးကွက်၌ တစ်ခိုင်လျှင် ၅၀၀ ကျပ်ဖြင့် စျေးကောင်းရလျက်ရှိပြီး ပန်းစိုက်သူများအနေဖြင့် တစ်ခိုင်လျှင် ၃၀၀ကျပ် ဝန်းကျင်ဖြင့် ပန်းကောက်သူများထံ ရောင်းချရကြောင်း၊ ထိုစျေးကွက်ဝင် ပန်းစိုက်ပျိုးထားကြသည့် ဒေသခံပြည်သူများအနေဖြင့် ယခုမိုးရာသီအတွင်း ပန်းထိမ်ပန်းရောင်းချ၍  နေ့စဉ်မိသားစုဝင် ငွေ တိုးလျက်ရှိကြောင်း သိရသည်။

ရွှေသား