အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ ဆန်၊ ဆီ ရိက္ခာများ ချီးမြှင့်ပေးအပ်

ဘားအံ ဇူလိုင် ၂

ကရင်ပြည်နယ်အတွင်း နေရာဒေသအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်းပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် တိုင်းရင်းသားပြည်သူများသည် ဘားအံခရိုင်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ နီးစပ်ရာဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အဦများသို့ ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိရာ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဓမ္မာရုံ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ ရိက္ခာများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထိုသို့ ချီးမြှင့်ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာပြည်သူများ၏ ကျန်းမာရေး၊ ပညာသင်ကြားရေး၊ အေးချမ်းစွာနေထိုင် စားသောက်နိုင်ရေးအတွက် အမြဲသတိပြုကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိပြီး ပြည်သူများ အနေဖြင့်လည်း နေထိုင်စဉ်ကာလအတွင်း ခိုက်ရန်ဖြစ်ပွားမှုမရှိဘဲ ရင်းနှီးချစ်ခင်စွာ နေထိုင်ကြရန်၊ သန့်ရှင်းသည့်သောက်သုံးရေ အသုံးပြုကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်၊ တာဝန်ရှိသူများ၏ ပြောဆိုဆုံးမမှုများကို လိုက်နာနေထိုင်ကြရန်နှင့် အခက်အခဲရှိပါက အထက်ဌာနများ၊ နီးစပ်ရာအုပ် ချုပ်ရေးအဖွဲ့များသို့ သတင်းပေးပို့ကြရန် တိုက်တွန်းပြောကြားသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ထိ ဘားအံမြို့နယ်အတွင်း ယာယီပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၆၂၉၂) စု၊ လူဦးရေ (၂၄၁၂၀) ဦးအနက် ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ထောင်စု (၅၈၄၁) စု၊ လူဦးရေ (၂၂၂၄၈) တို့အား အိမ်ထောင်စုတစ်စုလျှင် ဆန် (၆) ပြည်၊ ဆီ (၅၀) ကျပ်သားကို ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့ထိ ဘားအံမြို့နယ်အတွင်း ယာယီပြောင်းရွှေ့အိမ်ထောင်စု (၃၉၆၅)စု၊ လူဦးရေ (၁၅၆၃၈) တို့၏ စားဝတ်နေရေးကိစ္စများ ယာယီအဆင်ပြေစေရန် အိမ်ထောင်စုတစ်စုလျှင် ဆန် (၈) ပြည်၊ ဆီ (၁) လီတာ၊ ခေါက်ဆွဲခြောက် (၁၀၀) ထုပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ဆန် (၂၁၂၄) အိတ်၊ (၁၆) ပြည်၊ ဆီ (၆၃၇၄) လီတာ၊ ခေါက်ဆွဲခြောက် (၇၆၁) ဖာ၊ (၂၀) ထုပ်တို့ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှ ယာယီပြောင်းရွှေ့နေထိုင်သူ တစ်ဦးလျှင် ဆန်တစ်ဗူးခွဲနှုန်းဖြင့် (၃)လစာဆန်ရိက္ခာကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ အိမ်ထောင်စုတစ်စုလျှင် ဆန် (၅) ပြည်၊ ဆီတစ်ပိဿာ၊ ကြက်ဥ (၂၀) လုံးအားလည်းကောင်း၊ APTERR အစီအစဉ်ဖြင့် တစ်ဦးလျှင် (၀ ဒဿမ ၅)ကီလိုဂရမ်နှုန်းဖြင့် (၁၄) ရက်စာ ဆန်ရိက္ခာကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ဘားအံမြို့နယ်အတွင်းရောက်ရှိနေသည့် တပ်ရင်း/တပ်ဖွဲ့၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု၊ ပြည်သူတို့အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀ဝိ/-(နှစ်သောင်းကျပ်)နှုန်းဖြင့် ဇန်နဝါရီလမှစ၍ လစဉ် ချီးမြှင့်ပေးလျက်ရှိပြီး၂၀၂၅ ခုနှစ် ဧပြီလတွင် ကော့ကရိတ်မြို့နယ်မှတိုက်ပွဲဖြစ်စဉ်များကြောင့် ယာယီပြောင်းရွှေ့လာသည့် အိမ်ထောင်စု (၄၅၁) စု၊ လူဦးရေ (၁၈၇၂) ဦးတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန် (၆) ပြည်၊ ဆီ ၅၀ သားကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)