အုတ်ဖို ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက အ.မ.က ကွေ့ချောင်း ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ညွန့်ညွန့်စိန်က စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ကျောင်းသား၊ ကျောင်းသူများအားပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်မြင့်မြင့်မိုးက ကလေးသူငယ်များ ကိုယ်ကာယ၊ ဥာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေး အသိပညာပေးပြောကြားကာ ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောသရုပ်ပြသခြင်း၊ ဘုတ်ပြားပြဇာတ်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ပြသဖတ်ရှုစေခဲ့ကြောင်း သိရသည်။
အောင်သူ