မိုးညိုမြို့နယ်၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်‌တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

မိုးညို ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့မဈေး၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်သက်သက်မာတို့က စွန့်ပစ်အမှိုက်အမျိုးအစားများကို သတ်မှတ်အမှိုက်ပုံးများတွင် စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး အဝါ၊ အစိမ်း၊ အနီ၊ အပြာ အမှိုက်ပုံးအရောင်လိုက် အမှိုက်အမျိုးအစား(၄)မျိုး ခွဲခြားစွန့်ပစ်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဈေးသူဈေးသားများအား လက်တွေ့သရုပ်ပြသခဲ့သည်။

အဆိုပါ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)