ဖျာပုံမြို့၌ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ဖျာပုံ ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ရရှိစေရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေတိုးတက်ရရှိပြီး အသေးစား အငယ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ဇူလိုင်လ(၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးသင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်းရှိ ကျေးရွာ(၄)ရွာတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားပြီး ပထမဦးစွာဒေးဒရဲမြို့နယ် အုန်းပင်ကျေးရွာမှ စိတ်ပါဝင်စားသူများအား အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို အခမဲ့သင်ကြားပို့ချပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းယုက အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်းရှိ ကျေးရွာ(၄)ရွာတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန်လျာထားပြီး ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးအတွက်

အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းအား သင်တန်းသူ(၁၀)ဦးဖြင့် အခမဲ့ဖွင့်လှစ်ပေးပြီးသင်တန်းတွင် ထူးချွန်သူ(၅)ဦးကို ရွေးချယ်၍ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများကို တစ်ဦးလျှင်ငွေကျပ် (၁၂)သိန်းနှင့်ညီမျှသော ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ယခုဖွင့်လှစ်သော အခြေခံစက်ချုပ်နည်းပညာသင်တန်းကို (၁-၇-၂၀၂၅)မှ (၃၀-၈-၂၀၂၅) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို (၇-၈-၂၀၂၅)မှ (၂၁-၈-၂၀၂၅)ရက်နေ့အထိ ဆက်လက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)