တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများ အစားအ‌သောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး ဇူလိုင် ၂

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအ‌သောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်ရှိ မြို့မစျေးနှင့် ဒက္ခိဏ ဈေးများသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ တိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာ စိုင်းမင်းသူထွန်းနှင့် တာဝန်ရှိသူများ၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မြို့မစျေးနှင့် ဒက္ခိဏဈေးအတွင်း ရောင်းချနေသည့် ငပိထောင်းဘူး၊ ဂျူးချောင်း၊ ပဲသွေး၊ ပဲပြား၊ ပုန်းရည်ကြီး၊ မျှင်ငပိ၊ မုန့်ဖတ် စသည့် စားသုံးကုန်ပစ္စည်းများအား ခွင့်မပြုဓာတုတာရှည်ခံဆေးများပါဝင်မှု ရှိ/မရှိ စစ်ဆေးရန်အတွက် ဝယ်ယူခဲ့ပြီး ကုန်စိမ်းဆိုင်ခန်းများနှင့် ကုန်ခြောက်ဆိုင်ခန်းများတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များရောင်းချရေး၊ ကြာရှည်ခံပစ္စည်းများ အသုံးမပြုရေး၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချမှု မရှိစေရေးနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားကြရန် အသိပေးဆွေးနွေးပြောကြားခဲ့ပြီး ခွင့်မပြုဓာတုဆေးများနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)